[ ဟိန္ဒူ ဘာသာရေး စာပေများ ]
Hinduism, or Sanatana Dharma, is the world's oldest living religion, with origins in India dating back over 5,000 years, though there is no single founder or sacred text that encompasses it. It is a diverse family of spiritual traditions united by dharma (right living), and its core concepts include the immortal soul (atman), karma (cause and effect), reincarnation (rebirth), and the ultimate reality of Brahman. Hinduism is unique for its flexibility, accommodating diverse beliefs from monotheistic to atheistic views, and its followers practice a variety of rituals and holidays, with the Vedas being a foundational source of hymns and philosophical teachings.
And Hinduism is the world's third-largest religion, with approximately 1.20 billion followers, or around 15% of the global population, known as Hindus, centered mainly in India, Nepal, Mauritius, and in Bali, Indonesia. Significant numbers of Hindu communities are found in the countries of South Asia, in Southeast Asia, in the Caribbean, Middle East, North America, Europe, Oceania and Africa.
For more information: https://en.wikipedia.org/wiki/Hinduism
ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။ သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုးကွယ်မှုကဏ္ဍတွင် နေရာယူခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာတရား လည်းဖြစ်သည်။ ဟိန္ဒူဘာသာဝင်သူများသည် ကိုယ့်ဘာသာကို သနာတနာဓမ္မ (သင်္သကရိုက် - सनातन धर्म၊ ထာဝရဘာသာတရား) ခေါ်သည်။ ဟိန္ဒူလူမျိုးတို့သည် မိမိတို့ ယုံကြည် ကိုးကွယ်သည့် အယူဝါဒကို သနာတနဓမ္မ (ထာဝရ တည်မြဲနေသော ဘာသာတရား) ဟု ခေါ်ကြသည်။ အကြောင်းမူကား ဟိန္ဒူအယူဝါဒသည် ထာဝရ တည်မြဲနေသော အဆုံးအမဟု ယူဆထားသည့် ဝေဒကျမ်း၌ ပါရှိသော အဆုံးအမများကို အခြေခံပြုထားသောကြောင့် ဖြစ်လေသည်။
ဟိန္ဒူအယူဝါဒသည် အခြားသောဝါဒများကဲ့သို့ ပုဂ္ဂိုလ် တစ်ဦးတယောက်က စတင်တည်ထောင်ထားသည့် အယူဝါဒ မဟုတ်ပေ။ သို့ဖြစ်၍ ဟိန္ဒူအယူဝါဒဟူသော အမည်နာမသည် ဗုဒ္ဓအယူဝါဒ၊ ခရစ်ယန် အယူဝါဒ စသည်တို့ကဲ့သို့ စတင်တည်ထောင်သူ၏ အမည်နာမကိုစွဲ၍ တွင်နေသော အမည်နာမမျိုး မဟုတ်ပေ။
အမှန် စင်စစ် ဟိန္ဒူ ဆိုသည့် စကားလုံးကို မည်သည့် ဝေဒကျမ်း နှင့် အခြား ကျမ်းစာတွင်မျှ တွေ့ရှိရမည် မဟုတ်ပါ။ အိန္ဒူ မြစ်၏ တစ်ဖက်ကမ်းတွင် နေသူများကို ဟိုဘက်မှ သူများက ခေါ်ဆိုရာမှ ဟိန္ဒူ ဟု ဖြစ်တည် ခဲ့ခြင်း ဖြစ်သည် ဟု သမိုင်းပညာရှင် အချို့ဆိုကြသည်။
ဟိန္ဒူအယူဝါဒ၏ အရင်းအမြစ်ကို စိစစ်လေ့လာကြည့်လျှင် မှုန်ဝါးဝါးသာ တွေ့မြင်ရလိမ့်မည်။ သို့ရာတွင် ဟိန္ဒူအယူဝါဒသည် ခရစ်နှစ်မစမီ ရှေ့ယခင့်ယခင်က အာရိယန်လူမျိုးများ အိန္ဒိယသို့ ပြောင်းရွှေ့လာကြစဉ် သူတို့နှင့် တပါတည်းပါလာသည့် ဗြဟ္မဏ အယူဝါဒမှ ကြီးထွားဖွံဖြိုးလာသည့် အယူဝါဒဖြစ်သည်ဟူ၍ကား လက်ခံယုံကြည်ကြသည်။ ဟိန္ဒူအယူဝါဒသည် သမိုင်းခေတ်မတိုင်မီက ပေါ်ပေါက်ခဲ့သော ရှေးအကျဆုံး အယူအဆဝါဒ ဖြစ်သည်ဟု ယူဆထားကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်အတွင်း ဟိန္ဒူအယူဝါဒ လောက၌ သူတော်စင် ရသေ့များ၊ တမန်တော်များ၊ ဒဿနဗေဒပညာရှင်များ အမြောက်အမြား ပေါ်ထွက်ခဲ့သည်။ ယင်းပုဂ္ဂိုလ်များသည် ဟိန္ဒူအယူဝါဒ၏ အဆုံးအမ ဓလေ့ထုံးစံ၊ အစဉ်အလာများကို ထွန်းကားပြန့်ပွားအောင် ပြုမူဆောင်ရွက်ခဲ့ကြလေသည်။
ဟိန္ဒူအယူဝါဒ၏ ဒဿန (အဘိဓမ္မာ)သည် ကျယ်ပြန့်သည်။ ထွေပြားသည်။ ဟိန္ဒူအယူဝါဒ၌ ဒဿန ခြောက်မျိုးကွဲပြားနေသည်။ ယင်းခြောက်မျိုးကို ဆဒဿန (ဒဿနခြောက်မျိုး)ဟု ခေါ်သည်။ ယင်းဒဿနခြောက်မျိုးသည် ဘီစီငါးရာစုနှစ် မတိုင်မီကပင် စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။ ယင်းခြောက်မျိုး ကား ဉာယ၊ ဝိသေသိက၊ သံခယာ၊ ယောဂ၊ ပုဗ္ဗမီမံသာ၊ သို့မဟုတ် မီမံသာ၊ ဝေဒန္တတို့ ဖြစ်သည်။
ဉာယ ဒဿနကို တီထွင်သူမှာ ဂေါတမ မဟာရသေ့ ဖြစ်သည်။ ဉာယဒဿနာသည် စူးစမ်းဆင်ခြင်မှုအရ ပေါ်လာသည့် ယထာဘူတကျသော အတွေးအခေါ် ဖြစ်သည်။
ဝိသေသိကဒဿနကို စတင်သူမှာ ကဏာဒ မဟာရသေ့ ဖြစ်သည်။ ဝိသေသိက ဒဿန၏ ရည်ရွယ်ချက်မှာ သတ္တဝါများအား လွတ်မြောက်ငြိမ်းချမ်းမှု ရရှိစေရန် ဖြစ်သည်။
သံခယာ ဒဿနကို စတင်တီထွင်သူမှာ ကပိလ မဟာရသေ့ဖြစ်သည်။ သံခယာဒဿန သည် ထာဝရ ဘုရားသခင် တည်ရှိမှုကို အယူမရှိသော ဒဿန ဖြစ်သည်။
ယောဂဒဿနကို စတင်သူမှာ ဇေမိနီ မဟာရသေ့ ဖြစ်သည်။
မီမံသာကို ပုဗ္ဗမီမံသာဟုလည်း ခေါ်သည်။ မီမံသာဒဿန၏ အဓိက ရည်ရွယ်ချက်မှာ ဝေဒကျမ်းများ၌ ပါရှိသည့် အယူဝါဒရေး ဓလေ့ထုံးစံများကို အကာအကွယ်ပေးရန်နှင့် ထောက်ခံ အားပေးရန် ဖြစ်သည်။
ဝေဒန္တဒဿနသည် ဥပနိသျှဒ်မှ ဖြစ်ထွန်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဥပနိသျှဒ်၌ ဝေဒအယူအဆသည် တိုးတက်မှု အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုကြောင့် ဥပနိသျှဒ်ကို ဝေဒ၏ အဆုံး (ဝေဒန္တ)ဟုခေါ်ခြင်း ဖြစ်လေသည်။
အတ္တမာ
ဟိန္ဒူအယူဝါဒအရ နတ်၊ လူ၊ တော၊ တောင်၊ ရေ၊ မြေ စသော ရှိရှိသမျှ အရာဝတ္တုများသည် ပရမတ္တမာ ခေါ် ဘုရား သခင်၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ထို့ပြင် ဤမျက်မှောက် ကမ္ဘာလောကသည် မာယာ (အထင်အမှတ် မှားနေခြင်း)မျှသာ ဖြစ်သည်၊ မလွဲမသွေ ပျက်စီးသွားရမည်။ မသိအပ်သည့်၊ မသိရသည့် ပရမတ္တမာခေါ် ဘုရားသခင်သည်ကား ပြောင်းလဲခြင်းမရှိပဲ နိစ္စထာဝရ တည်မြဲနေသောအရာ ဖြစ်သည်။
ဟိန္ဒူလူမျိုးတို့သည် အတ္တမာ (ဝိဉာဉ်)ကို ယုံကြည်ကြသူများ ဖြစ်၏။ ဟိန္ဒူအယူဝါဒအရ အတ္တမာသည် ကံတရား၏ အရှိန်အဟုန် မကုန်မချင်း မရမတ္တမာနှင့် သွားရောက် ရောနှောပေါင်းဆုံမှု မဖြစ်မချင်း၊ အသင်္ချေ အနန္တဘဝသံသရာ၌ ထပ်ခါထပ်ခါ ပဋိသန္ဓေ တည်နေရပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို မိမိမြင့်ရာသို့လည်း တက်စေနိုင်သည်။ နိမ့်ရာသို့လည်း ကျစေနိုင်သည်။ လူတစ်ဦးတစ်ယောက်သည် မကောင်းမှုကို ပြုလုပ်လျှင် ကွယ်လွန်သွားပြီးသည့်နောက်၌ အတိဒုက္ခ ရောက်ရလေသည်။ သို့မဟုတ် ငရဲခံရလေသည်။
ကုသိုလ်ကောင်းမှုကို ပြုလုပ်လျှင်ကား နတ်ရွာသို့လားရလေသည်။ ငရဲပြည်၌ ခံရသည့် ဒုက္ခသည် လည်းကောင်း၊ နတ်ပြည်၌ စံရသည့် သုခသည်လည်းကောင်း အစဉ်ထာဝရ တည်မြဲမနေပေ။ အတ္တမာ (ဝိဉာဉ်)သည် မောက္ခ (လွတ်ငြိမ်းမှု)ကို မရမချင်း၊ မိမိ၏ မူရင်း အိမ်ဂေဟာဖြစ်သည့် ဗြဟ္မနှင့် သွားရောက် မပေါင်းမချင်း ဘဝအသစ် ဖြစ်မြဲ ဖြစ်နေပေလိမ့်မည်။ မောက္ခ (လွတ်ငြိမ်းမှု)သည် ယုံကြည် ကိုးကွယ်မှုဖြင့် ရရှိသည့်အရာမဟုတ်။ လက်တွေ့ ကျင့်ကြံအားထုတ်မှ ရရှိနိုင်သည့်အရာ ဖြစ်သည်။
Photo: Swaminarayan Akshardham [Hindu Temple] in Delhi, India.
ကိုးကွယ်သည့် ဘုရား နှင့် နတ်ဒေဝါများ
ဟိန္ဒူ အယူဝါဒတွင် လွတ်လပ်စွာ ကိုးကွယ်ခြင်း ကို ခွင့်ပြုထားသည်။ သံသရာမှ လွတ်လိုသူများ သည် ဘုရားရှင်ကို ကိုးကွယ်နိုင်သည်။ ရုပ်လောကတွင် အကူအညီ လိုသူများ ဒေဝါနတ်များကို ကိုးကွယ်နိုင်သည်။
ဘုရားကိုးကွယ်ခြင်း တွင် ၃ မျိုးရှိသည်။ ဘုရားရှင်အား ဘဂဝါးန် ပုဂ္ဂိုလ်ဟု ကိုးကွယ်ခြင်း၊ ဘုရားရှင်၏ နီရာကားရ ရုပ်နာမ် ချုပ်ငြိမ်းခြင်း သဘာဝကို ကိုးကွယ်ခြင်း နှင့် သက်ရှိတိုင်းတွင် တည်ရှိသော ဘုရားရှင် ၏ ပရမားသ်မား မဟာဝိညာဉ် တော် ကို ကိုးကွယ်ခြင်း ဟူ၍ ဖြစ်သည်။
ဟိန္ဒူအယူဝါဒ၌ နတ်ဘုရားများကို ကိုးကွယ်သည့် အလေ့အထလည်းရှိသည်။ ဝေဒကျမ်းဂန်၏ ဓမ္မဂီတများ၌ ပါရှိသည့် နတ်ကြီးများအနက် ဣန္ဒရ၊ အဂ္ဂနိ၊ သူရိယ စသော နတ်အများအပြားသည် ခေတ်သစ် ဟိန္ဒူအယူ ဝါဒ၌ ခေတ်မစားတော့ပေ။ ဗြဟ္မမှာမူ ခြွင်းချက်ဖြစ်သည်။ ဟိန္ဒူအယူဝါဒသည် ဗြဟ္မဏ အယူဝါဒမှ ပရမတ္တမာခေါ် ဣဿရအယူဝါဒကို အမွေအနှစ်အဖြစ် လက်ခံရယူထားလေသည်။ ယင်းဣဿရသည် နိစ္စထာဝရ တည်ရှိနေသည်။ အရာဝတ္ထုဟူသမျှ မူလဘူတအကြောင်းတရား ဖြစ်သည်။ အရာဝတ္ထုဟူသမျှ အပြီးသတ်အချိန်တွင် ပြန်သွားရသည့် နောက်ဆုံး အိမ်ဂေဟာလည်း ဖြစ်သည်။ ပရမတ္တမာခေါ်သည့် ယင်းဣဿရသည် တရိမုရတိခေါ်သည့် ဘုရားသုံးပါးအစု၌ တည်ရှိနေသည် ဟူ၍လည်းကောင်း၊ ဘုရား သုံးပါးအစုမှတစ်ဆင့် ပြုဖွယ်ကိစ္စ ပြုလုပ်သည်ဟူ၍လည်းကောင်း အယူရှိကြသည်။ ဘုရားသုံးပါးကား လောကကို ဖန်ဆင်းသူ ဗြဟ္မာ၊ လောကကို ထိန်းသိမ်း စောင့်ရှောက်သူ ဗိရှနု(ဗိဿနိုး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံဖန်ဆင်းသူ ရှိဗ (သိဝ)တို့ ဖြစ်ကြသည်။ ယင်းဘုရားသုံးပါးအနက် ဗြဟ္မကို ပူဇော်ပသသည့် ဓလေ့ထုံးစံ အလွန် နည်းသည်။ အိန္ဒိယတစ်နိုင်ငံလုံး၌ ဗြဟ္မာကို ရည်စူး၍ ဆောက်လုပ်ထားသည့် ဘုရားကျောင်း အရေအတွက်သည် အလွန်တရာ နည်းပါးသည်။ ဗိဿနိုး နှင့် သိဝကိုမူ ခေတ်အဆက်ဆက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ပူဇော်ပသလေ့ရှိကြသည်။ ယင်း အဓိက ဘုရားများအပြင် အခြားနတ်များ၊ မြင့်မြတ်သည်ဟု ယူဆသည့် အရာများကိုလည်း ကိုးကွယ်ကြ လေသည်။ ဟိန္ဒူလူမျိုးတို့သည် နွားမကိုလည်း အလေးအမြတ် ပြုကြလေသည်။
ဟိန္ဒူ အယူဝါဒလောက၌ သိဝကို ကိုးကွယ်သူ (ရှိုက်ဝ) နှင့် ဗိဿနိုးကို ကိုးကွယ်သူ (ဗိုက်ရှနဝ) တို့သည် မူဝါဒ အခြေခံအရ နှစ်ဂိုဏ်းကွဲနေသည်။ သိဝ ကိုးကွယ်သူများကို ရှံကရက ဦးဆောင်ပြီးလျှင် ဗိဿနိုးကိုးကွယ်သူများကို ရာမနုဇက ဦးဆောင်သည်။ ရှံကရ (အေဒီ ၁၉ ရာစု)သည် ဗြဟ္မဏတို့၏ ရှေး ဟောင်း ဝေဒန္တ ဒဿနကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဓိပ္ပာယ်ဖွင့်လျက် သိဝ ကိုးကွယ်မှု ထွန်းကား ပြန့်ပွားအောင် ပြုလုပ်ခဲ့သည်။ သိဝ ကိုးကွယ်သူများက ရှံကရအား သူတို့နတ်ဘုရား၏ ကိုယ်ပွားဖြစ်သူ လူသားဟု ထင်မှတ်ယူဆကြသည်။ ရှံကရသည် အသိပညာကို အောက်တန်းအသိပညာနှင့် အထက်တန်း အသိပညာဟူ၍ နှစ်မျိုးခွဲခြား ပြထားသည်။ အောက်တန်းအသိပညာသည် ဤကမ္ဘာလောကအား တကယ်အမှန် (ပရမတ်)ဟု ထင်မြင် ယူဆသည်။ အထက်တန်း အသိပညာကမူ ဤကမ္ဘာလောကအား မာယာ(ပညတ်)ဟု ထင်မြင် ယူဆသည်။ အထက်တန်း အသိပညာအဆင့်သို့ ရောက်ရှိရေး အတွက် ဝေဒကို သင်အံလေ့လာခြင်း၊ ဘာဝနာ ပွားများအားထုတ်ခြင်း လိုအပ်သည်ဟု ဆိုထားသည်။ ရှံကရသည် ဗုဒ္ဓ၏ နည်းနိသျည်းကို အတုယူပြီးလျှင် ဟိန္ဒူ အယူဝါဒဆိုင်ရာ ဘုန်းကြီးလောကနှင့် ဘုန်းကြီးကျောင်းများကို အိန္ဒိယအနှံ့အပြားတွင် တည်ထောင်ခဲ့သည်။ ရှံကရ၏ဂိုဏ်းသည် သိဝ ကိုးကွယ်သည့် ဂိုဏ်းဖြစ်သည်။
မြို့ပြများ၌လည်းကောင်း၊ ကျေးရွာများ၌လည်းကောင်း ဟိန္ဒူဘုရားကျောင်းများ အများအပြား ရှိလေသည်။ ဘုရားများကို ပူဇော်ပသရာ၌ ပူဇော်ဖွယ်ပစ္စည်းများမှာ များသောအားဖြင့် ပန်း၊ သစ်သီး၊ သစ်ရွက် စသည်တို့ ဖြစ်ကြသည်။
ကျမ်းစာများ
ဟိန္ဒူအယူဝါဒ၌ သက္ကတဘာသာဖြင့် ရေးသားထားသည့် ဓမ္မကျမ်းဂန်များ ရှိလေသည်။ ဟိန္ဒူလူမျိုးတို့သည် ယင်းကျမ်းဂန်များအနက် ဝေဒကျမ်းများကို ဘုရားသခင်၏ မုခပါဌ်ဟု ယူဆပြီးလျှင် အထူးသဖြင့် လေးစား မြတ်နိုးကြသည်။ ဝေဒသည် ရိဂ်ဝေဒ၊ ယဇုဝေဒ၊ သာမဝေဒ၊ အထဗ္ဗဝေဒဟူ၍ လေးမျိုး ပြားသည်။ ယင်းလေးမျိုးအနက် ရိဂ်ဝေဒသည် ရှေးအကျဆုံးလည်း ဖြစ်သည်။ အရေးအကြီးဆုံးလည်း ဖြစ်သည်။ ဝေဒကျမ်းများ၌ သံဟိတာ၊ ဗြာဟ္မဏ၊ အာရညက၊ ဥပနိသျှဒ်ဟူ၍လည်း အပိုင်းလေးပိုင်း ခွဲခြားထားသည်။ ဝေဒကျမ်းများအပြင် ပုရာဏ်ကျမ်းများ၊ မဟာကဗျာကျမ်းများလည်း ရှိသည်။ ရာမယဏနှင့် မဟာဘာရတသည် ဟိန္ဒူအယူဝါဒနှင့် စာပေလောက၌ ထင်ရှားကျော်ကြားသော မဟာကဗျာကျမ်းကြီးနှစ်စောင် ဖြစ်သည်။ ရာမယဏကို ဝါလမိကိ(ဝမ္မိကိ)ရသေ့က ရေးသားထားပြီးလျှင် မဟာဘာရတကို ဗျာသရသေ့ ရေးသားသည်။ ရာမာယဏ၌ အယုဒ္ဓယပြည့်ရှင် ဘုရင်ဒသရထ၏ သားတော် ရာမအကြောင်းကို သက္ကတဘာသာ ကဗျာအဖွဲ့ဖြင့် ရေးသားထားသည်။ မဟာဘာရတ၌ကား ဓတရဋ္ဌ၏ သားတော်တစ်ရာနှင့် ပဏ္ဍု၏သားတော် ငါးပါးတို့၏ စစ်ပွဲအကြောင်းကို ရေးသားဖွဲ့ဆိုထားလေသည်။ မဟာဘာရတ၌ ဟိန္ဒူအယူဝါဒ၏ အမြင့်မြတ်ဆုံး ပိဋကတ်တစ်ခုအနေဖြင့် လေးစားမြတ်နိုးအပ်သည့် ဘဂဝဒ်ဂီသာကျမ်း (Bhagavad Gita) လည်း ပါရှိလေသည်။
ဘဂဝဒ်ဂီသာကျမ်း (Bhagavad Gita)
ဘဂဝဒ်ဂီသာကျမ်းကို ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ကျမ်းဟု ဆိုကြသည်။ ဘဂဝဒ်ဂီသာကျမ်းကို ဥပနီသျှဒ် ကျမ်းတို့၏ အနှစ်သာရ အဖြစ် ဂီသိုးပနီသျှဒ် ဟုလည်း ခေါ်သည်။ ဘဂဝဒ်ဂီသာကျမ်းကို ဘုရားရှင် ကရိသ်ျှဏ က ဘီစီ ၃၅၃၄ ခန့်က ကူရူသျှေသရ ဟူသော စစ်မြေပြင်တွင် မိမိတာဝန်ကို သံယောဇဉ်ကြောင့် ထမ်းဆောင်ရန် ချီတုံချတုံ ဖြစ်နေသော စစ်ဗိုလ်ချုပ်ကြီး အရ်ဂျုန မူတည်ထားပြီး လောကလူသား အားလုံး အတွက် ဟောကြားခဲ့သော ကျမ်းဖြစ်သည်။ ဘဂဝဒ်ဂီသာကျမ်းသည် ဘာသာတစ်ခု လူမျိုး တစ်မျိုး အတွက် မဟုတ်ဘဲ လူသားအားလုံး အတွက် ကျမ်းဖြစ်သည်။ ဘဂဝဒ်ဂီသာကျမ်းသည် ပါဒပေါင်း ၇၀၀ ရှိပြီး ယင်းကို အခန်း ၁၈ ခန်း ဖြင့် ပိုင်းခြားထားသည်။ ဘဂဝဒ်ဂီသာကျမ်း တွင် အောက်ပါ အကြောင်းတရား ငါးပါး ကို ဆွေးနွေးထားပေသည်။
ဘုရား (အီသျွှရ)
လောကတွင် ဘုရားရှိသလား၊ ဘုရားသည် သက်ရှိထင်ရှား ရှိသလား၊ ဘုရားရှင်၏ ဂုဏ်တော် များကား အဘယ်နည်း၊ ဘုရားရှင်နှင့် သက်ရှိတို့အကြား မည်သို့ ဆက်စပ်မှု ရှိသနည်း။ ဘုရားကို ဆုတောင်လျှင် ရသလား၊ ဘုရားရှင်အား ဆွမ်းပန်းရေချမ်း၊ ဆီမီး စသည်တို့ ဆက်ကပ်လျှင် အကျိုးရှိမရှိ၊ သံသရာမှ လွတ်မြောက်ခြင်း တွင် ဘုရားရှင်၏ အကူအညီ လို မလို၊ ဘုရားရှင်သည် ကိုးကွယ်ရုံသက်သက်လော။ သို့မဟုတ် ဘုရားရှင်သည် ချစ်မြတ်နိုးရသော ပုဂ္ဂိုလ်လော စသည့် အကြောင်းအရာ ပေါင်းများစွာကို ဆွေးနွေးထားသည်။
သက်ရှီ (ဇီဝ)
သက်ရှိ ဆိုသည်မှာ မိမိဖြစ်သည်။ ထိုမိမိသည် ရုပ်ခန္ဓာကိုယ်လော။ စိတ်လော၊သို့မဟုတ် ရုပ်နှင့် နာမ်လွန်ရာ ဖြစ်သလော၊ လူတစ်ယောက် သေဆုံးသည် ဆိုပါက မည်သူ သေဆုံးသနည်း၊ နောင်ဘ၀ ကူးသည် ဟုပြောသော အခါ မည်သူက ကူးသနည်း။ ခန္ဓာကိုယ် စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း မိ်မိဟု သိနေသော မပြောင်းလဲသည့် အရာသည် မည်သူနည်း။ ထိုသက်ရှိသည် မည်သူနည်း။ ဘုရားရှင် နှင့် ဆက်စပ်မှု ရှိပါသလား။ သံသရာမှ လွတ်မြောက်သော အခါ သက်ရှိသည် ဘယ်ကို ရောက်သွားသနည်း။ စသော လေးနက်သည့် အကြောင်းအရာ များကို ဆွေးနွေး ထားပေသည်။
ပ်ရ ကရိသီး (သဘာဝတရား)
ရုပ်လောက သဘာဝတရား ဆိုသည် မှာ အဘယ်နည်း၊ ယင်းသည် အသက်ရှိလော၊ အသက်မဲ့လော။ စကြဝဠာ ၏ ဆန်းကြယ်မှု အားလုံးသည် သူ့ ဖာသာ တိုက်ဆိုင်ပြီး ဖြစ်ပေါ်လာသည်လား။ သဘာဝတရား ၏ မှန်ကန် တိကျသော ဖြစ်စဉ်များအပေါ်တွင် သက်ရှိ၏ လွှမ်းမိုးမှု ရှိသည်လား။ ခြောက်ပေ ပင် မပြည့်သော၊ သက်တမ်း ၁၀၀ ပင်မရှိသော လူသားများက အလွန်ကြီးမားသော လေယာဉ်ပျံများ ဂြိုဟ်တုများ ကွန်ပြုတာများ စမတ်ဖုန်းများ ကို ထွင်နိုင်သည် ဟုဆိုလျှင် လူထက် အဆ ၁၀၀ ကြီးသော၊ အသိဉာဏ် အဆ ၁၀၀ များသော အခြားသတ္တဝါများ စကြဝဠာ တွင် မရှိနိုင်ပြီလော၊ လူ့ထက် အဆပေါင်း မှန်းဆ၍ မရနိုင်သော ဘုရား သည် စကြဝဠာကို ထိန်းချုပ်နိုင်ဟု ဆိုလျှင် ဖြစ်နိုင်ပါမည် လော။ စသည့် မေးခွန်းပေါင်းများစွာ ၏ အဖြေကို လည်း သိရမည် ဖြစ်သည်။
ကာလ (အချိန်)
ဘဂဝဒ်ဂီသာကျမ်းတွင် နောက်ထပ်ဆွေးနွေးထားသည့် အကြောင်းအရာ သည် အချိန် ဖြစ်သည်။ ထို အချိန်ကို ကာလ်ဟု ဖော်ပြသည်။ အချိန်သည့် ဘယ်က စခဲ့သနည်း ။ ဘယ်မှာ ဆုံးမည်နည်း။ စကြဝဠာ အချိန်၊ လူ့အချိန်၊ နတ်အချိန်၊ တိရစ္ဆာတို့၏ အချိန် စသည်တို့အကြား မည်မျှ ခြားနားသနည်း။ စကြဝဠာ၏ သက်တမ်းနှင့် လူ့သက်တမ်း၊ အချိန်မရှိသော နေရာ။ လူ့ဘ၀၏ အရေးကြီးဆုံး အချိန်သည် မည်သည့် အချိန် ဖြစ်မည်နည်း။ အဘယ့်ကြောင့်နည်း။ စသည့် အကြောင်းအရာများကို တွေ့ရမည် ဖြစ်သည်။
ကရ်မ ( ကံနှင့် ကံ၏အကျိုး)
ကံနှင့် ကံအကျိုး သည် မည်သို့ စတင်ဖြစ်ပေါ်လာသနည်း။ ကောင်းသော ကံနှင့် မကောင်းသော ကံ အကြောင်း၊ ကံသုံးမျိုး ကရ်မ၊ ဝိကရ်မ နှင့် အကရ်မ ဆိုသည်မှာ အဘယ်နည်း ။ အလုပ်လုပ်သော်လည်း အလုပ်မမြောက်သော အလုပ် ဆိုသည်မှာ အဘယ်နည်း။ ကံနှင့် ကံ၏ အကျိုးမှ ကင်းသွားနိုင်သော နည်းလမ်းများ ရှိပါသလား။ ညံ့နေသော ကံကို ကောင်းအောင် လုပ်နိုင်ပါသလား။ ဘုရားရှင် အားကိုးကွယ်ဆည်း ကပ်ခြင်းဖြင့် ကံနှင့် ကံ၏ အကျိုးမှ လုံး၀ ကင်းပြတ်သွားပြီး သံသရာမှ လွတ်နိုင်သလား။ ကောင်းမှု လုပ်ရုံဖြင့် သံသရာမှ လွတ်မြောက်မည်လား။ စသည့် အကြောင်းအရာ များစွာကို တွေ့ရှိရမည် ဖြစ်သည်။ ( အသေးစိတ် သိရှိဖတ်ရှုလိုပါက အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိ အသင်း (မြန်မာနိုင်ငံ) ISKCON (Myanmar) မှ ထုတ်ဝေထားသော ဘဂဝဒ်ဂီသာကျမ်း(မြန်မာပြန်) ကို ဖတ်ရှု လေ့လာ နိုင်သည်)
ရိုးရာအစဉ်အလာ
ရှေးဟောင်းစဉ်လာအရ ဟိန္ဒူလူမျိုးတို့သည် မိမိတို့၏ ဘဝကို လေးပိုင်း ခွဲထားကြလေသည်။ ယင်း လေးပိုင်းကို အာရှရမ်ဟု ခေါ်သည်။ ပထမပိုင်းမှာ ဗြဟ္မကျရယဟု ခေါ်ပြီးလျှင် သူငယ်ဘဝကစသည်။ ယင်းအရွယ်အတွင်း သူငယ်သည် ဗြဟ္မစာရီဂုရု၏ သင်္ခမ်းကျောင်းတွင် သွားရောက်ပြီးသော် ပညာကို သင်ကြားဆည်းပူးသည်။ အသက် ၂၄ နှစ် ပြည့်သောအခါ လက်ထပ် ထိမ်းမြားသည်။ ထိုအချိန်မှ ဒုတိယပိုင်းဖြစ်သည့် ဂရိဟတ်ဆထအရွယ် စသည်။ ယင်းအရွယ်၏ အဓိကတာဝန်မှာ အိမ်ထောင်ရေးတာဝန်ကို ထမ်းရွက်ရန် ဖြစ်သည်။ အသက် ၅ဝ အရွယ်ရောက်သောအခါ အိမ်ထောင်၏ တာဝန်ကို မိမိ၏သားအပေါ် လွှဲပြောင်းပေးပြီးလျှင် တရားအကျင့်ကျင့်ရန် တောထွက်လေသည်။ ယင်းအပိုင်းကို ဝနပရဆထဟု ခေါ် သည်။ တစ်ခါတစ်ရံတွင် မိန်းမများလည်း မိမိ၏ ယောက်ျားနှင့်အတူ လိုက်ပြီးလျှင် တရားအကျင့်ကို ကျင့်ကြလေသေည်။ အသက် ၇၅ နှစ်အရွယ်ရောက်သောအခါ၌ကား ဆန်နျာဆီခေါ် ရသေ့ရဟန်း ဝတ်ရ လေသည်။ ယင်းအပိုင်းကိုဆံနျာဆဟု ခေါ်သည်။ ရသေ့ရဟန်း ဝတ်ပြီးသောသူသည် တစ်နေရာတည်းတွင် မနေတော့ဘဲ အရပ်တကာလည်ပြီးနောက် ဆွမ်းခံစားသောက်လေသည်။ လူအပေါင်းတို့အားလည်း တရား အဆုံးအမ ညွှန်ကြား ဟောပြလေသည်။
ဟိန္ဒူလူမျိုးတို့၏ အတွင်း၌ အဓိကအားဖြင့် ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒဟူ၍ ဇာတ်လေးမျိုး ကွဲပြား ခြားနား နေသည်။ ယင်းလေးမျိုးအနက် ဗြဟ္မဏ အမျိုးဇာတ်ကို အမြတ်ဆုံးဟု ယူဆပြီးလျှင် သုဒ္ဒရာကို အနိမ့်ဆုံးဟု ယူဆကြသည်။ ဗြဟ္မဏ အမျိုးဇာတ်၏ အလုပ်တာဝန်မှာ ယဇ်ပူဇော်မှုကို ဦးဆောင်ရန်နှင့် တရားဓမ္မကို ဟောကြားရန် ဖြစ်သည်။ ခတ္တိယ အမျိုးဇာတ်၏ အလုပ်တာဝန်မှာ တိုင်းပြည်ကို အုပ်ချုပ်ရန် ဖြစ်သည်။ ဝေဿအမျိုးဇာတ်၏ အလုပ်တာဝန်မှာ ကုန်သွယ်မှု၊ လယ်ယာ စိုက်ပျိုးမှု ဖြစ်သည်။ သုဒ္ဒ၏ အလုပ်ကား အထက် အမျိုးဇာတ်များ စေခိုင်းသည့်တာဝန်ကို လုပ်ကိုင် ဆောင်ရွက်ရန် ဖြစ်သည်။ ဟိန္ဒူ လူမျိုးတို့၏ အတွင်း၌ အမြစ်တွယ်လာခဲ့သော ယင်းဇာတ်စံနစ်၊ ဇာတ်ထုံးစံသည် နောက်ပိုင်းတွင် မဟတ္တမဂန္ဓီ စသော အယူဝါဒရေး၊ လူမှုရေး၊ နိုင်ငံရေး ခေါင်းဆောင်တို့၏ ကြိုးပမ်းမှုကြောင့် အထိုက်အလျောက် လျော့ပါးအားနည်းသွားခဲ့လေသည်။
အခြေခံ ယုံကြည်ချက်များ
ကမ္ဘာလောကနှင့် သတ္တဝါများကို ဗြဟ္မာက ဖန်ဆင်းသည်။ ဗိဿနိုးက ကာကွယ်စောင့်ရှောက်သည်။ သိဝက ဖျက်ဆီးသည်။ ဗရဟ်မာ၏ ကြင်ယာတော်က ဆရဆွတိ၊ ဗိဿနိုး (ဗစ်ရှ်နူး) ၏ ကြင်ယာတော်က လက္ချမီ၊ သိဝ၏ ကြင်ယာတော်က ပဗ္ဗတီ အသီးသီးတို့ဖြစ်ကြသည်။ ဗြဟ္မာ ဆိုသည်မှာ ပရမတ္တမ ပင် ဖြစ်သည်။ ပရမတ္တမ သည် ကမ္ဘာလောကနှင့် သတ္တဝါများကို ဖန်ဆင်းသည်။ ထိုကြောင့် အာသ်မာ သည် အရာတိုင်းတွင် ပျံ့နှံ့လျက် တည်ရှိသည်။ လောကသည် အတ္တ၊ လောကသည် ဗြဟ္မာ၊ သတ္တဝါသည် အတ္တ၊ သတ္တဝါသည် ဗြဟ္မာ၊ သင်သည် အတ္တဖြစ်၏၊ သင်သည် ဗြဟ္မာဖြစ်၏။ ဖန်ဆင်းရှင် အတ္တကို ပရမတ္တမ၊ သတ္တဝါတို့ သန္တာန်၌ တည်သော အတ္တကို ဇီ၀အတ္တဟု ခွဲခြားရ၏။ (မြန်မာလူမျိုးတို့က အသက်၊ ဝိညာဉ်ဟု ခေါ်သော အရာကို ဟိန္ဒူက ဇီဝအာသ်မာ ဟု ခေါ်ခြင်းပင်။) အာသ်မာသည် အမြတ်ဆုံး ဖြစ်၏။ မပျက်မစီး အမြဲ တည်၏။ သတ္တဝါ သေသော်လည်း အာသ်မာက မပျက်စီးဘဲ သေသောသတ္တဝါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ် တစ်ခုထဲသို့ ကူးပြောင်း တည်နေကာ နောက်တစ်ဘဝ စခန်းသွား၏။ ဤနည်းဖြင့် တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းကာ အာသ်မာသည် သံသရာ လည်နေ၏။ ယင်းသို့ သံသရာလည်နေခြင်းမှာ အာသ်မာ ကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို နောက်ဘဝ၌ အာသ်မာ ကပင် ခံစား၏။ အတ္တမှ ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးရ၏။ ဂင်္ဂါမြစ်သည် ဟိမဝန္တာကေလာသ တောင်ထိပ်တွင် တရားထိုင်နေသာ ရှီဗားဘုရား (သီ၀) ၏ ဆံထုံးမှစ၍ စီးဆင်းလာသောကြောင့် မြတ်သောမြစ် ဖြစ်၏။ ထိုကြောင့် ဂင်္ဂါမြစ်၌ ရေချိုးလျှင် ကိလေသာ စင်ကြယ်၏။ ယောဂ ခေါ်သည့် သမထအလုပ်ကို အားထုတ်ခြင်းဖြင့်လည်း ကိလေသာကို စင်ကြယ်စေ၏။ ယောဂ အကျင့်၏ စွမ်းအားဖြင့် အာသ်မာ မှ ကိလေသာတွေ စင်ကြယ်သွားသောအခါ အာသ်မာ သည် ဖြူစင် တောက်ပြောင်လားပြီးလျှင် ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုတော့သဖြင့် သံသရာမှ လွတ်မြောက်၍ ပရမတ္တမနှင့် ပြန်လည်ပေါင်းဆုံမိကာ မောက္ခ(နိဗ္ဗာန်)ကို ရသွား၏။
ရှေးကနှင့်မတူတော့
ဝေဒကျမ်းများ၌ အခြေခံခဲ့သော ဟိန္ဒူ=ဗြဟ္မဏ ဘာသာသည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသဖြင့် ယခုခေတ် ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်သော ဟိန္ဒူဘာသာသည် ဝေဒခေတ် ဘာသာတရားနှင့် အတော်ကြီး ခြားနားနေပြီ ဖြစ်၏။ ဝေဒခေတ်၌ ဣန္ဒြ၊ အဂ္ဂနိ၊ ၀ရုဏ စသော နတ်တို့အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသော်လည်း ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီး။ ဗြဟ္မာ=အတ္တကို မြင်အောင် ကြည့်နိုင်ဖို့သာ အရေးကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်း၊ ယဇ်သီချင်း ဆိုခြင်းဖြင့် မွန်မြတ်လှသော အတ္တကို မတွေ့နိုင် မမြင်နိုင်ကြောင်း ဖော်ပြကြ၏။
တစ်ဆူတည်းမှ ကိုယ်ပွားသုံးဆူ
ဝေဒကျမ်းများ၌ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့သည် အလွန်ကြီး အရေးမပါကြ။ တလုံးတစည်းတည်းလည်း မဟုတ်ကြပေ။ ခရစ်ပေါ်ပြီးနောက် နှစ်ပေါင်း၄၀၀ခန့်၌ ပေါ်ထွန်းလာသော ဂုတ္တမင်းဆက် မှစ၍ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်လာရုံမျှမက တစ်ဆူတည်းသော တန်ခိုးရှင် ဘုရားကြီး၏ ကိုယ်ပွားသုံးဆူ ဟုပင် ယုံကြည်လာကြ၏။ လက်ဦးတွင် ဖန်ဆင်းရှင် ဗြဟ္မာကို ပို၍ အလေးအမြတ်ထားရာမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာက တဖြည်းဖြည်း ဗြဟ္မာ၏ အခန်းကဏ္ဍ မှေးမှိန်လာကာ ဗိဿနိုးကို အမြတ်ဆုံး ကိုးကွယ်လာကြ၏။ ရာမာယနကျမ်း ပေါ်လာပြီး နောက်၌မူ ဗိဿနိုးသည် လူ့လောက အတွင်းသို့ ဘုရားဝင်စား အဖြစ် အသွင်အမျိုးမျိုးဖြင့် ဝင်ကာ လောကအကျိုးကို ဆောင်လာသည်အထိ ယုံကြည်ကြ၏။
ဘုရားဝင်စား အဝတာရများ
ဗိဿနိုး ဘုရား ဝင်စားသော ဘုရားဝင်စား=အဝတာရ ၁၀ ဦးရှိ၏။ တစ်ဦးမှာ ရာမ ဖြစ်၏။ ဗုဒ္ဓ ကိုလည်း နဝမ အဝတာရ ဟု ဟိန္ဒူတို့ကယုံကြည်ကြ၏။
မပြောင်းလဲသေးသော တရား
ဝေဒခေတ်မှ အခြေခံခဲ့သော ဘာသာရေး အယူအဆ အများအပြား ပြောင်းလဲခဲ့သော်လည်း ထိုခေတ်မှစ၍ ယနေ့ထိ မပြောင်းလဲသေးသော အယူအဆ တစ်ခုကား ရှိပါသေးသည်။ ယင်းမှာ ဇာတ်ဝါဒပင်ဖြစ်၏။ ဤ အမျိုးဇာတ် အနိမ့်အမြင့် ခွဲခြားသည့် ဝါဒသည် ဗြဟ္မဏ=ဟိန္ဒူဘာသာမှတပါး တခြားမည်သည့် ဘာသာတရားမှာမျှ မရှိပေ။ ဤဇာတ် ခွဲခြားရေးဝါဒမှာ ဟိန္ဒူဘာသာ၏ ထူခြားသော လက္ခဏာတစ်ရပ် ဖြစ်ပေသည်။
ဝေဒကျမ်းများ၌ လူကို ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒ ဟု အမျိုးဇာတ် လေးပါး ခွဲခြားထား၏။ ဗြဟ္မဏ=ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ်သည်ဟုဆို၏။ ခတ္တိယ=မင်းမျိုးသည် လက်မောင်းမှ ဖွား၏။ ဝေဿ=ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏။ သုဒ္ဒ=အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖဝါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံး ဇာတ် ဖြစ်သည်ဟု ဆို၏။
ဇာတ်မြင့်သူက နိမ့်သူကို နှိမ်၏။ အထင်သေး၏။ လူမှုဆက်ဆံရေး ဘာတစ်ခုမှ မလုပ်။ ဇာတ်နိမ့်သူကို မြင်တွေ့နေရတာသည်ပင် အမင်္ဂလာကြီး ဖြစ်နေ၏။ သူတောင်းစား မာတင်္ဂကို မြင်ရ၍ ဒိဌမင်္ဂလိကာ အမင်္ဂလာ ဖြစ်သွားသဖြင့် ခေါင်းလျှော်ပစ်၊ ရေချိုးပစ်ကာ မင်္ဂလာသစ် တင်လိုက်ရ၏။ ယခုခေတ်တွင်မူ ဇာတ် ၄ မျိုး မကတော့ဘဲ အမျိုးဇာတ်ပေါင်း ၂၀၀၀ခန့် ရှိနေပြီဟု သိရသည်။ မထိကောင်းသော ဇာတ်မဲ့များလည်း ရှိသေးသည်။ ဤဇာတ်မဲ့တို့ကို ဇာတ်ရှိ ဇာတ်မြင့်တို့က မတော်တဆ ထိမိလျှင် ထိမိသူမှာ သနသွားသည်ဟု ယုံကြည်ကြသည်။
ဟိန္ဒူဘာသာအနှစ်ချုပ် [ဖတ်ရှုရန်]
*************************************






No comments:
Post a Comment