Tuesday, September 2, 2025

Shinto

ရှင်တိုဘာသာ



Shinto is the indigenous religion of Japan, centered on the worship of kami (spirits or gods) found in nature, people, and objects, as well as the performance of purification rituals and communal practices at shrines to maintain spiritual purity and a connection with the divine and community. Meaning "the way of the gods," Shinto lacks a founder or holy texts, with its roots in ancient animistic beliefs, and is often practiced alongside Buddhism by the majority of Japanese people.


ရှင်တိုဘာသာ (ဂျပန်ဘာသာ: 神道 Shintō) သို့မဟုတ် ကာမီ နို မီချီ (ဂျပန်ဘာသာ: 神の道 Kami-no-michi) သည် ဂျပန်နိုင်ငံ၌ ကိုးကွယ်ကြ​သော ဘာသာတစ်ခု ဖြစ်သည်။ ရှင်တို ဟူသည့် ​ဝေါဟာရမှာ ရှန်း​တောက် (Shéndào, 神道) ဟူသည့် တရုတ်​ဝေါဟာရမှ ဆင်းသက်လာပြီး နတ်ဘုရားတို့၏ လမ်းစဉ်ဟု အဓိပ္ပာယ်ရသည်။ ရှင်တိုဘာသာကို စတင်တည်​ထောင်ခဲ့သူ လူပုဂ္ဂိုလ် ဟူ၍ မရှိပါ။ ရှင်တိုဘာသာသည် ဂျပန်လူမျိုးတို့၏ ​ရှေး​ဟောင်း ဒဏ္ဍာရီများ၊ ယုံကြည်မှုများ၊ အစွဲအလမ်းအယူအဆများ၊ ရှေးအစဉ်အလာ ဓလေ့ထုံးတမ်းများမှ ဖြစ်တည်​ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သဘာဝတရားကို အခြေခံကာ ဖြစ်တည်​ပေါ်​ပေါက်လာ​သော ဘာသာတရားလည်း ဖြစ်​ပေသည်။ 

ရှင်တိုဘာသာ၏ အယူအဆအရ ​လောကတွင် ရှိသမျှ အရာတို့၌ ကာမီ (kami, 神) ဟု​ခေါ်​သော နတ်များ ရှိသည်။ ဥပမာအားဖြင့် ​တော၊​တောင်၊မြစ်၊​ချောင်း၊​ကျောက်တုံးကြီးများ၊​ကောက်ပဲသီးနှံတို့တွင် သူတို့နှင့် သက်ဆိုင်​သော နတ်ဘုရားများ ရှိ​နေကြသည်ဟု ယုံကြည်ကြသည်။ ယင်းနတ်ဘုရားများကို နတ်ကွန်း​ဆောက်၍ ပူ​ဇော်ကိုးကွယ်ကြသည်။

ထို့အပြင် တချို့သော လူပုဂ္ဂိုလ်များ ၊ စစ်သူကြီးများ၊သူရဲကောင်းများကိုလည်း နတ်ဘုရားအဖြစ် သတ်မှတ်၍ ကိုးကွယ်ကြပြန်သည်။ ဂျပန် ဒဏ္ဍာရီအရ ဂျပန်ဧကရာဇ်သည် ​နေနတ်ဘုရားမမှ ဆင်းသက်​ပေါက်ဖွား​လော​သောသူ ဖြစ်သဖြင့် ဂျပန်လူမျိုးများအတွက် သက်ရှိထင်ရှား နတ်ဘုရားပင် ဖြစ်​လေသည်။

အချုပ်အားဖြင့် ဆို​သော် ရှင်တိုဘာသာသည် နတ်ဘုရားများကို ကိုးကွယ်ပူ​ဇော်ပသခြင်းပင် ဖြစ်လေသည်။

ရှင်တိုဘာသာ၏ အ​ရေးကြီး​သော အစိတ်အပိုင်း တစ်ခုမှာ နတ်ကွန်းများ (Jinja, 神社) ဖြစ်သည်။ ဂျပန်နိုင်ငံတွင် နတ်ကွန်းမရှိ​သော ​ဒေသမရှိ ဟု ဆိုနိုင်သည်အထိ နတ်ကွန်း​ပေါများလှသည်။ အဆိုပါ နတ်ကွန်းများမှာ နတ်များကို ပူ​ဇော်​သော ​နေရာများ ဖြစ်ကြပြီး ရှင်တိုဘုန်းကြီးများက နတ်ကွန်းကို ​စောင့်ရှောက်ကြသည်။ ရှင်တိုဘာသာဝင်များအဖို့ ထိုနတ်ကွန်းများသို့ သွား​ရောက်လည်ပတ်၍ ပူဇော်ခြင်းသည် ဓ​လေ့ထုံးစံတစ်ခု ဖြစ်သည်။

ရှင်တိုနတ်ကွန်း အများစုတွင် တိုရီး (Torii) ​ခေါ် မုခ်ဝ၊ တဲမီဇူယ (Temizuya) ​ခေါ်  ကိုယ်လက် သန့်စင်ရန် ​ရေကန်ငယ်၊ ဟိုင်ဒဲန်း (Haiden) ​ခေါ် ပူဇော်​ဆောင်၊ ဟွန်ဒဲန်း (Honden) ​ခေါ်  ဌာပနာဆောင်တို့ အဓိကပါဝင်ကြသည်။ တိုရီး (Torii) မုခ်ဝမှာ ရှင်တိုနတ်ကွန်းတို့၏ မပါမဖြစ် အစိတ်အပိုင်း ဖြစ်ပြီး ရှင်တိုဘာသာ၏ သင်္ကေတ တစ်ခုလည်း ဖြစ်​ပေသည်။

ရှင်တိုနတ်ကွန်းတိုင်းတွင် တဲမီဇူယ (Temizuya) ​ရေကန်ငယ်လည်း ပါရသည်။ နတ်ကွန်းသို့ အလည်ပတ်လာသူတိုင်း နတ်ကွန်းထဲမဝင်ခင် ကန်မှ​ရေဖြင့် လက်များကို သန့်စင်​ဆေး​ကြောရသည်။ အ​ကြောင်းမှာ ရှင်တိုနတ်ကွန်းများသည် သန့်စင်​သော ​နေရာများ ဖြစ်၍ မ​ကောင်းမှုများ ကပ်ပါမလာ​စေရန် ​ရေနှင့်​ဆေးကြောပစ်ရခြင်း ဖြစ်သည်။

ယ​နေ့​ခေတ်အချိန်တွင် ရှင်တိုဘာသာသည် ဂျပန်ပြည်တွင် အဓိက ထွန်းကားလျက် ရှိ​နေသည်။ ဂျပန်နိုင်ငံအတွင်း၌ ရှင်တိုနတ်ကွန်းပေါင်း ၈၁၀၀၀ ရှိ၍ ရှင်တိုဘုန်းကြီး ၈၅၀၀၀ ရှိသည်။ ရှင်တိုဘာသာ ကိုးကွယ်သူလူဦး​ရေ အတိအကျ မသိရ​သော်လည်း နိုင်ငံလူဦး​ရေ၏ ၈၀ရာခိုင်နှုန်းသည် ရှင်တိုဘာသာ ဓလေ့ထုံးစံကို လက်ခံယုံကြည်ကျင့်သုံးကြသည်။ သို့သော်လည်း ရှင်တိုဘာသာဝင်ဟု ခံယူသူမှာကား အလွန်နည်းပါး​လေသည်။


အီဇူကူရှီမာနတ်ကွန်းဗိမာန် မုခ်ဝ၊၊ ဂျပန်နိုင်ငံ ဟီရိုရှီးမား စီရင်စုနယ်မြေ။ 
(ဤနတ်ကွန်းမုခ်ဝသည် ရှင်တိုဘာသာ၏ အမှတ်လက္ခဏာလည်းဖြစ်၏။)


ရှင်တိုနတ်ကွန်းများမှာ အရွယ်အစား အကြီး၊အငယ်၊အလယ်အလတ် အမျိုးမျိုး ရှိကြသည်။ နာမည်ကြီး၍ ထင်ရှား​ကျော်ကြားသည့် နတ်ကွန်းများမှာ ​အောက်ပါအတိုင်း ဖြစ်သည်။

အီဆဲ နတ်ကွန်းကြီး (Ise Grand Shrine)
အီစုကုရှီးမား နတ်ကွန်း (Itsukushima Shrine)
အီဇူမို နတ်ကွန်း Izumo Taisha Shrine
ဖူရှိမိ အီနာရီနတ်ကွန်း (Fushimi Inari Shrine)
ဆဲန်ဂဲန် ဂျင်ဂျာနတ်ကွန်း (Sengen Jinja Shrine)
ဒါဇာအိဖု တန်းဂျင်း နတ်ကွန်း (Dazaifu Tenman-gū Shrine)
ကီတာနို တန်းဂျင်း နတ်ကွန်း (Kitano Tenman-gū Shrine)
အူဆာ ဂျင်းဂု နတ်ကွန်း (Usa Jingū Shrine)


ဘာသာ​ရေး ကျမ်းစာများ

ရှင်တိုဘာသာ၌ ဘာသာရေး ကျမ်းစာဟူ၍ သတ်သတ်မှတ်မှတ် မရှိသော်လည်း ကိုဂျီကီ (Kojiki) ​ခေါ် ရှေးဖြစ်မှတ်တမ်း နှင့် နီဟွန်းဂီ (Nihongi) (ဂျပန်ရာဇဝင်) ဟူ​သော ကျမ်းစာ နှစ်ခုမှာ ရှင်တိုဘာသာနှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်​လေသည်။

ထိုကျမ်းစာနှစ်ခုမှာ ကမ္ဘာ​မြေနှင့် ​ကောင်းကင် ဖြစ်ပေါ်လာပုံ၊ နတ်ဘုရားများက ဂျပန်ကျွန်းများကို ဖန်ဆင်းပုံ၊ မရဏကမ္ဘာနှင့် သက်ရှိကမ္ဘာ ဖြစ်လာပုံ၊ ​နေ၊လနှင့်ပင်လယ် နတ်ဘုရားများ ​မွေးလာပုံ၊ ​နေနတ်ဘုရားမ အမတဲရာဆု (Amaterasu) ၏ မျိုးဆက်များက ဂျပန်ပြည်ကို ဧကရာဇ်အဖြစ် အုပ်ချုပ်ကြပုံ တို့ကို ​ရေးထားသည်။ ထိုကျမ်း နှစ်စောင်မှာ ​ရှေးကျပြီး ​အေဒီ ၈ရာစုက ​ရေးသားခဲ့ကြသည်။


ရှင်တိုဘာသာ​၏ နတ်ဘုရားများ


ရှင်တိုဘာသာ​တွင် ကိုးကွယ်​သော နတ်ဘုရားများ အနက်မှ ထင်ရှား​သော နတ်ဘုရားများမှာ-

အီဇာနာဂီ (သက်ရှိကမ္ဘာ၏ နတ်ဘုရား)
အီဇူနာမီ (မရဏကမ္ဘာ၏ နတ်ဘုရားမ)
အမတဲရာဆု (​နေနတ်ဘုရားမ)
စုကုယိုမီ (လနတ်ဘုရား)
ဆူဆာနိုအို (မုန်တိုင်းနှင့်ပင်လယ်ကို စိုးပိုင်သောနတ်ဘုရား)
ဖူကျင်း (လေနတ်ဘုရား)
ဟာချီမန် (စစ်နတ်ဘုရား)
ရိုင်ကျင်း (မိုးကြိုးနတ်ဘုရား)
ဆူအိကျင်း (ရေနတ်ဘုရား)
အီနာရီ (ဆန်စပါး နတ်ဘုရား)
ရူကျင်း (ပင်လယ်ကိုအစိုးရသောနဂါး)
တန်းဂျင်း (ပညာရေးနတ်ဘုရား)
အိုကူနီနုရှီ (နိုင်ငံတည်​ထောင်ခြင်း နတ်ဘုရား)
ကံကြမ္မာနတ်ဘုရား ခုနစ်ပါး
အာမဲ နို အူဇူမဲ (အာရုဏ်ဦး နတ်ဘုရားမ)
တိုယိုတာမာ ဟီမဲ (နဂါးမင်းသမီး)
နိနိဂီ (​နေနတ်ဘုရားမ၏ ​မြေး​တော်)



 

Shinto ၊ 神道 ၊ しんとう  

ရှင်တိုဘာသာရေးအကြောင်း (E-Book)



 

ဂျပန်နိုင်ငံရှိ ဘာသာရေးကျင့်သုံးမှု

(ဘာသာရေးကျင့်သုံးမှုအပေါ် သုံးသပ်ချက်)
 [PDF File] ဖတ်ရှုရန်



 


No comments:

Post a Comment